Wednesday, November 14, 2018

ဓာတ်ပုံ-Daily Star

ဈေးအပြောင်းအလဲဖြစ်စေတဲ့၂၀၀၇-၂၀၀၈ စီးပွားရေးပျက်ကပ်ဟာ ဆန်ထုတ်လုပ်တဲ့နိုင်ငံတွေရော၊ ဆန်ဝယ်ယူ စားသုံးနေတဲ့နိုင်ငံတွေရော အံ့အားသင့်သွားစေခဲ့ပါတယ်။ အဲဒါကြောင့် အချိန်တိုတိုနဲ့ စားနပ်ရိက္ခာ လုံလောက် မှုရှိစေရေး ပေါ်လစီတွေချမှတ်၊ သုံးသပ်၊ ပြင်ဆင်တာတွေကို လုပ်လာကြပါတယ်။

ပြည်တွင်းစားသုံးမှု လုံလောက်အောင် အနိုင်နိုင်ထုတ်နေရတဲ့အနေအထားကနေ လုံလောက်ဖူလုံအောင် ထုတ်နိုင်တဲ့ နိုင်ငံဖြစ်လာဖို့ ဘယ်နိုင်ငံတွေ ဟာ ဘယ်လိုမျိုး မူဝါဒါတွေ ချမှတ်ခဲ့သလဲဆိုတာ ကမ္ဘာကြီးက တွေ့မြင်ခဲ့ရပြီးဖြစ်ပါတယ်။

ဒီလိုမျိုး ထုတ်လုပ်မှုအပြောင်းအလဲတွေဟာ နိုင်ငံတကာ ဆန်ကုန်သွယ်မှုစနစ်ရဲ့ ဖွဲ့စည်းပုံစံတွေကို အပြောင်း အလဲဖြစ်စေခဲ့ပါတယ်။ ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ ကမ္ဘာမှာ ဆန်အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံဆိုတဲ့ ဘွဲ့ကို ထိုင်းနိုင်ငံမှသည် အိန္ဒိယ၊ အိန္ဒိယမှသည် ဗီယက်နမ် စသဖြင့် ပြောင်းသွားပါတယ်။ အခုဆိုရင် ကမ္ဘောဒီးယားနဲ့ မြန်မာတို့ဟာလည်း ဆန်တင်ပို့တဲ့နိုင်ငံစာရင်းထဲကို ခိုင်ခိုင်မာမာ ၀င်ရောက် နေရာယူ လာပါတယ်။

ကမ္ဘာ့ ဆန်ကုန်သွယ်မှု ကဏ္ဍမှာဆိုရင် ၂၁ရာစုရဲ့ ပထမ ဆယ်စုနှစ်အထိ ထိုင်းနိုင်ငံက လွှမ်းမိုးထားခဲ့ပါတယ်။ တခြား ဆန်အဓိက တင်ပို့တဲ့ နိုင်ငံတွေကတော့ ပါကစ္စတန်၊ အမေရိကန်၊ တရုတ်၊ အိန္ဒိယ ဆိုပြီး အသီးသီး ရှိနေခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာဆိုရင်လည်း ၂၀၁၅ ခုနှစ်အထိ ဆန်တင်သွင်းမှုအပေါ်မှာ မီခိုစရာမလိုခဲ့တဲ့အပြင် ၂၀၁၄ ခုနှစ်ကဆိုရင် သီရိလင်္ကာနိုင်ငံကိုတော့ ဆန်တန်ချိန် ငါးသောင်း တင်ပို့နိုင်ခဲ့ပါသေးတယ်။

ဒါပေမယ့် ရာသီဥတုအခြေအနေတွေကြောင့် ဘင်္ဂလားဒေ့ရှ်ရဲ့ ဆန်ထုတ်လုပ်နိုင်စွမ်းက တစ်သမတ် တည်းမရှိခဲ့ပြန်ပါဘူး။ ၂၀၁၇မှာ ပိုလို့တောင် သိသာလာခဲ့ပါသေးတယ်။

ဗီယက်နမ်နိုင်ငံကတော့ ၂၀၁၆မှာ ကမ္ဘာပေါ်မှာ နံပါတ်တစ် ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်လာမယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ခန့်မှန်းထားကြပါတယ်။ ဗီယက်နမ်နိုင်ငံဟာ နံပါတ်တစ်ရယ်လို့ ဖြစ်မလာခဲ့ ပေမယ့် ထိုင်းနိုင်ငံအစိုးရရဲ့ အလုပ်မဖြစ်လတဲ့ ဆန်မူဝါဒကြောင့် ထိပ်ဆုံးနေရာ ရောက်လာခဲ့ဖူးပါတယ်။

ထိုင်းနိုင်ငံဆန်စပါးကဏ္ဍကတော့ တဖြည်းဖြည်းနဲ့ ပြန်လည် ထူထူထောင်ထောင် ဖြစ်လာပြီဆိုပေမယ့် အလုပ်မဖြစ်တဲ့ မူဝါဒရဲ့ ဒဏ်ကို ခံနေရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဆန်စပါးကဏ္ဍကတော့  ဒုတိယမ္ပိ အစိမ်း ရောင်တော်လှန်ရေးဆိုတဲ့ နာမည်နဲ့ နိုင်ငံအရှေ့ပိုင်းမှာ လုပ်ခဲ့တဲ့ လက်တွေဆန်တဲ့ မူဝါဒတွေရဲ့ ကျေးဇူးကြောင့် ဆန်တင်ပို့မှုက ရုတ်ခြည်းတိုးတက်လာပါတယ်။

ကမ္ဘာတစ်ဝန်းထုတ်လုပ်တဲ့ ဆန်စုစုပေါင်းရဲ့ ၈ ရာခိုင်နှုန်း (ဆန်တန်ချိန် ၃၅သန်းကနေ ၃၇ သန်းလောက်) ကိုပဲ နိုင်ငံတကာ ဈေးကွက် မှာ ရောင်းဝယ်ဖောက်ကားနေကြပါတယ်။ တကယ်တော့ ကမ္ဘာပေါ်မှာ ဆန်ထုတ်လုပ်တဲ့ ပမာဏဟာ တန်ချိန် ၄၅၀ကနေ ၄၅၂ သန်းအထိ ရှိပါတယ်။

ဆန်တင်ပို့မှု ဈေးကွက်မှာ တောင်အာရှက နိုင်ငံတွေရဲ့ ဈေးကွက်ဝေစုဟာ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ဈေးကွက်ဝေစုနဲ့ ယှဉ်ရင် တစ်ဖြည်းဖြည်း နဲ့ တက်လာပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ကုန်တွင်းတဲ့ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာတို့ ဆန်တင်ပို့တဲ့နိုင်ငံတွေဖြစ်ပြီး တစ်နှစ်ကို ဆန်တန်ချိန် ၁၆သန်းကနေ ၁၈ သန်းအထိ တင်ပို့နေကြပါတယ်။

အရှေ့တောင်အာရှ ကျွန်းစုနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ဘရူနိုင်း၊ မလေးရှားတို့ကတော့ ဆန်တင်သွင်းနေရတဲ့ နိုင်ငံတွေဖြစ်ပြီး တစ်နှစ်ကို ဆန်တန်ချိန် ၅သန်းကနေ ၆ သန်းအထိ တင်သွင်းနေရပါတယ်။

မူဝါဒ အကြီးအကျယ်ပြောင်းလဲမှုကြောင့် တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဆန်ဝယ်ယူတင်သွင်းနေတဲ့ အဓိက နိုင်ငံကြီး တစ်ခုအဖြစ် ပေါ်ထွက် လာပါတယ်။ ၂၀၁၆ ခုနှစ်ကဆိုရင် ဆန်တန်ချိန် ၅ သန်းတင်သွင်းခဲ့ပြီး ၂၀၂၀ ခုနှစ်မှ အခုထက် ပိုများလာဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ လာမယ့် ၂၀၃၀ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ ဆန်ဝယ်ယူတင်သွင်းမှုဟာ တန်ချိန် ၁၆ သန်းကနေ သန်း ၂၀ လောက် ရှိလာနိုင်ပါတယ်။

လာမယ့်နှစ်ပိုင်းတွေမှာတော့ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ ဆန်ထုတ်လုပ်မှု လျော့ကျလာဖွယ်ရှိပါတယ်။ ဘာလို့လဲဆိုတော့ စပါးစိုက် တောင်သူတွေက တခြားသီးနှံတွေဖြစ်တဲ့ ဂျုံတို့ ပြောင်းတို့ စိုက်တဲ့ တောင်သူတွေ ထက် ပိုဆင်းရဲလာလို့ ဖြစ်ပါတယ်။

ကုံလုံကြွယ်ဝတဲ့ နိုင်ငံတစ်ခုဖြစ်လာရေးအတွက်ဆိုရင်တော့ ပထမဆုံးအနေနဲ့ လယ်သမားတွေကို ဆင်းရဲတွင်း ထဲကနေ ဆွဲထုတ်ဖို့လိုပါတယ်။ အဲဒီနိုင်ငံနှစ်ခုအတွက် အဓိကပြဿနာက လယ်သမားတွေကို ချမ်းသာလာ အောင် ဘယ်လိုလုပ်ပေးမလဲဆိုတာပါပဲ။ ဆန်ထုတ်လုပ်မှုလျှော့ချဖို့ဟာ လယ်သမားတွေကို ဆင်းရဲတွင်းက ဆွဲထုတ်ဖို့ နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။

အာဖရိကကတော့ သူတို့ထုတ်လုပ်နိုင်တဲ့ ပမာဏထက် ဆန်ပိုမို စားသုံးနေကြပါတယ်။ ခန့်မှန်းချက် တွေအရဆိုရင် အာဖရိကနိုင်ငံရဲ့ ဆန်စားသုံးမှုဟာ လာမယ့် ၂၀၃၀ ခုနှစ်မှာ လက်ရှိထက် ၄၂ ရာခိုင်နှုန်း တက်လာဖို့ ရှိတယ်လို့ ဆိုပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံဟာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ ဆန်ဝယ်ယူတင်သွင်းမှု အများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ တစ်ဖက်မှာတော့ အိန္ဒိယနိုင်ငံရဲ့ စပါးအထွက်နှုန်းဟာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှာ တန်ချိန် ၈၉ သန်းရှိနေခဲ့ရာကနေ ၂၀၁၄-၂၀၁၅ မှာ တန်ချိန် ၁၀၅ သန်းအထိ ရှိလာခဲ့ပါတယ်။   ပိုလျှံတဲ့ ဆန်တန်ချိန် ၁၆သန်းထဲမှာ ဆန်တန်ချိန် ၁၀ သန်းကျော်လောက်ဟာ အိန္ဒိယ အရှေ့ပိုင်းပြည်နယ် တွေကနေထွက်ရှိတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဆန်တင်ပို့မှုဟာလည်း တဖြည်းဖြည်းနဲ့ တက် တက် လာပါတယ်။ ဒီတော့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဆန်အရမ်းလိုလာပြီဆိုတဲ့အခါမှာ အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံကနေ ဆန်အများအပြား တင်သွင်းလို့ ရနိုင်တဲ့ အနေအထားပါတယ်။

သို့သော် ကမ္ဘာဆန်ဈေးကွက်ရဲ့ စိုးရိမ်စရာကတော့ ဆန်ဈေးကွက်သေးသေးလဲကို တရုတ်နိုင်ငံက ၀ယ်လို အားအများကြီးနဲ့ တိုးဝင်လာတာပါ။

တရုတ်နိုင်ငံဟာ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတို့နေ တင်သွင်းပြီးတော့ နိုင်ငံရဲ့ ဆန် ဆာ လောင်မွတ်သိပ်မှုကို ဖြည့်တင်းနိုင်ပါတယ်။ သို့သော် တရုတ်နိုင်ငံဟာ တန်းနိမ့်ဆန်တွေကိုသာ တင်သွင်းချင် ပါတယ်။ အရက်၊ ခေါက်ဆွဲ၊ တိရစ္ဆာန်အစာ နဲ့ တခြား စက်မှုလုပ်ငန်း ကုန်ကြမ်းတွေအတွက်ပါ။

လက်ရှိမှာတော့ တရုတ်နိုင်ငံ ဆန်တင်သွင်းမှုရဲ့ ၄၇ ရာခိုင်နှုန်းကို ဗီယက်နမ်နိုင်ငံကနေ ၀င်နေတာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ အိန္ဒိယနိုင်ငံနဲ့ ရင်းနှီးလွန်းတာ၊ တောင်တရုတ်ပင်လယ် အငြင်းပွားမှုတွေကြောင့် တရုတ်နိုင်ငံဟာ ဗီယက်နမ်နိုင်ငံကို နိုင်ငံရေး ပြိုင်ဘက်တစ်ဦးသဖွယ် ရှုမြင်ပါတယ်။

အာဆီယံထဲက ကျွန်းနိုင်ငံငါးခုဟာ တစ်နှစ်ကို ဆန်တန်ချိန် ၅သန်း၊ ၆ သန်းလောက် တင်သွင်းနေကြရပြီး သူတို့ထဲမှာမှ သဘာဝဘေးအန္တရာယ် ဖြစ်နိုင်ချေ အမြင့်ဆုံး နိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့ရဲ့ ဆန်တင်သွင်းမှုကလည်း မြင့်တက်လာနေပါတယ်။

အရှေ့ဖျားပိုင်းမှာရှိတဲ့ အီရန်တို့၊ အီရန်တို့၊ ဆော်ဒီတို့ဟာဆိုရင်လည်း ဆန်တင်သွင်းတဲ့နိုင်ငံတွေဖြစ်ပါတယ်။ အီရတ်တို့၊ အီရန်တို့မှာ ဆန်အထွက်နှုန်းကျသွားပြီဆိုတာနဲ့ ဆန်ဈေးကွက်ကို လာပြီး ရိုက်ခတ်ပါလိမ့်မယ်။

ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်မှာတော့ ဆန်အထွက်နှုန်းက သိပ်မငြိမ်ဘဲ သဘာဝကြောင့်၊ လူကြောင့် ဆန်အထွက်နှုန်း ရုတ်တရက် ကျနိုင်ပါတယ်။

ဆန်အထွက်နှုန်းမှာ ပြဿနာ တစ်စုံတစ်ရာဖြစ်ပြီဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဒုက္ခကြီးကြီးရောက်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော တရုတ်နဲ့ တခြား နိုင်ငံတွေဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ ရှေ့ကနေ ၀ယ်သွားနိုင်လိုပါ။

အိန္ဒိယရဲ့ ဆန်ဟာ အီရန်တို့၊ အီရတ်တို့၊ အာဖဂန်နစ္စတန်တို့၊ အာဖရိကတို့ဘက် ပိုပြီးရောက်နိုင်ချေရှိပါတယ်။ တရုတ်ဘက်မှာလည်း ဆန်အထွက်နှုန်းကျနေတယ်ဆိုရင် မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့က ဆန် တွေဟာလည်း တရုတ်ဘက်ကို ရောက်သွားနိုင်ပါတယ်။

ဒီတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ဆန်လုံလုံလောက်လောက်ရှိဖို့အတွက် သဘာဝဘေးအန္တရာယ်တွေ၊ ဆန်တင်သွင်းဖို့ ခက်တာတွေကို ထည့်သွင်းစဉ်းစားပြီးတော့ ဆန်စပါးမူဝါဒ၊ ဆန်စပါးမဟာဗျူဟာတွေကို ပြောင်းလဲသင့်ပါတယ်။

ဘာသာပြန်-မင်းသူအောင်(AMIA)

Source: The Daily Star

Leave a comment