Sunday, December 16, 2018

ဓာတ်ပုံ-Business Recorder

ကမ္ဘာပေါ်မှာ အကြီးဆုံး ဆန်တင်ပို့တဲ့ အိန္ဒိယနိုင်ငံမှာတော့ ဆန်ဈေးဟာ ဒီတစ်ပတ်မှာတော့ ပြည်ပ၀ယ်လိုအား ကောင်းလွန်းတာရယ်၊ ဈေးကွက်ထဲ ဆန်သိပ်မ၀င်တာရယ်၊ ရူပီးဈေးမာလာတာရယ်ကြောင့်ခြောက်နှစ်ခွဲ အတွင်း ပထမဆုံးအကြိမ် အမြင့်ဆုံးဈေးတက်ခဲ့ပါတယ်။

“အာရှနဲ့ အာဖရိကဆန်ဝယ်သူတွေဘက်ကနေ ကမ်းလှမ်းလာတာတွေရှိတယ်။ ဒါပေမယ့် ဒီဘက်မှာ ဆန်အ၀င်က မများဘူး။ ဒါ့အပြင် ရူပီးဈေးတက်နေတာကလည်း အခုလိုဈေးတက်အောင် တွန်းပေးသလို ဖြစ်နေ တယ်”လို့ ဒန်ဒါရာပရာဒက်ရှ် အခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။

အိန္ဒိယနိုင်ငံဟာ လေးနှစ်ကြာပိတ်ပင်ထားတဲ့ ဆန်မွှေးမဟုတ်တဲ့ ဆန်တင်ပို့ခွင့်ကို ပြန်ဖွင့်ပေးလိုက်ပြီး တဲ့နောက်မှာ ငါးမှတ်ဆန်တစ်တန်ဟာ ၃ ဒေါ်လာ ဈေးတက်လာပါတယ်။ အခုအခါမှာ ငါးမှတ်ဆန်တစ်တန်ဟာ အမေရိကန်ဒေါ်လာ ၄၄၇ ကနေ ၄၅၁ အထိရှိနေပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ရူပီးဈေးကလည်း ၂ လအတွင်း အမြင့်ဆုံးကို တက်သွားတဲ့အတွက် ကုန်သည်တွေရဲ့ အမြတ်အစွန်းကို ထိခိုက်စေပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ဆန်တင်ပို့မှုဟာ ၂၀၁၇ ခုနှစ်မှာ ၂၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တန်ချိန် ၁၂ ဒသမ၃ သန်း တင်ပို့နိုင်ခဲ့ပါတယ်။

ရေကြီးလို့ သီးနှံတွေပျက်စီးပြီး ဆန်တွေအများအပြား တင်သွင်းနေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဆန်တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၆၅ ဒေါ်လာနဲ့ ဆန်တန်ချိန် တစ်သိန်းခွဲ ၀ယ်ယူဖို့ သဘောတူထားတာကို ဖျက်လိုက်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ငါးမှတ်ဆန်တစ်တန်ဟာ ပြီးခဲ့တဲ့အပတ်က တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၄၀ ကနေ ၄၄၈ ဒေါ်လာရှိခဲ့ပြီး ယခုတစ်ပတ်မှာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၄၃ မှ ၄၄၆ ဒေါ်လာ ရှိခဲ့ပါတယ်။

ထိုင်းအစိုးရအနေနဲ့ လေးနှစ်အတွင်း အမြင့်ဆုံးတက်နေတဲ့ ဘတ်ငွေဈေးကို ထိန်းချုပ်ဖို့ ဆန်စပါးအသင်းက တိုက်တွန်းခဲ့ပါတယ်။

ဘတ်ငွေဈေးတက်ပါက ဆန်ဈေးပါ လိုက်တက်ပြီး ဆန်တင်ပို့ရမှာဖြစ်တဲ့အတွက် ကမ္ဘာ့ဆန်ဈေးကွက်အတွင်း ထိုင်းဆန်တွေဟာ အခြားနိုင်ငံက ဆန်တွေနဲ့ ဈေးအရ ယှဉ်ပြိုင်နိုင်စွမ်းမရှိတော့မှာကို ထိုင်းကုန်သည် တွေက စိုးရိမ်နေကြပါတယ်။

“အကုန်လုံးက ငွေလဲလှယ်နှုန်းအပေါ်မှာ မှီတည်နေတယ်။ ကျွန်တော့်လုပ်ငန်းဆိုရင် ငြိမ်နေတယ်။ ဖောက် သည်တွေက ပြောတယ်။ ကျွန်တော်တို့ ဆန်ဈေးတွေက ဈေးကြီးလွန်းတယ်တဲ့”လို့ ဘန်ကောက် အခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။

ဗီယက်နမ်မှာတော ဆန်ဈေးက တက်ပြီး ငြိမ်နေပါတယ်။ ငါးမှတ်ဆန်တစ်တန်ဟာ ပြီးခဲ့တဲ့အပတ် အမေရိကန်ဒေါ်လာ ၄၅၀ ရှိခဲ့ပြီး ဒီတစ်ပတ်မှာလည်း အမေရိကန်ဒေါ်လာ ၄၄၀ ကနေ ၄၅၀ ရှိခဲ့ပါတယ်။

ကုန်သည်တွေကတော့ အင်ဒိုနီးရှားကို တင်ပို့ဖို့အတွက် ဆန်လုံလုံလောက်လောက်ရှိတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ဗီယက်နမ်နိုင်ငံအပါအ၀င် နိုင်ငံပေါင်း လေးနိုင်ငံကနေ ဆန်တန်ချိန် ၃၄၆၀၀၀ တင်သွင်းသွားမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဗီယက်နမ်နိုင်ငံမှာ ဆန်ဈေးတွေ တက်နေတာဖြစ်ပါတယ။်

ဆောင်းစပါးတွေဝင်လာတော့မယ့် ဖေဖော်ဝါရီလကုန်ဆိုရင်တော့ ဆန်ဈေးတွေ ငြိမ်သွားနိုင်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

“ဆန်ဈေးတွေက ကျနိုင်ပါတယ်။ ဒါကလည်း အဲဒီအချိန်မှာ အ၀ယ်လိုက်မလိုက်အပေါ်မူတည်ပါတယ်” လို့ ဟိုချီမင်အခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။

တခြားကုန်သည်တစ်ဦးကတော့ အခုအခါမှာ ဟက်တန်ပေါင်း တစ်သိန်းခွဲလောက်မှာ စပါးတွေကို ရိတ်သိမ်း ခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။ ဗီယက်နမ်နိုင်ငံမှာ တစ်နှစ်ကို စပါးစိုက်ဧရိယာဟာ ဟက်တာ ၁ ဒသမ ၆၅ သန်းရှိပါတယ်။

ဘာသာပြန်-မင်းသူအောင်(AMIA)

Source: Reuters

Leave a comment