Wednesday, November 14, 2018

ရန်ကုန်မြို့ကနေ နှစ်နာရီလောက်ကား မောင်းလာရင် မှော်ဘီမြို့နယ် ထဲက   စိမ်းလန်းအဖွဲ့တောင်သူများဓာတုကင်းလွတ်စိုက် ပျိုးရေးခြံဆိုပြီး ဘီနိုင်းပိုစတာ တစ်ခုက လမ်းဝ မှာချိတ်ဆွဲ ထားကိုတွေ့ရပါတယ်။

သြဂဲနစ် ဆိုတာ ဒီခေတ်မှာတော့ လူ့သက်တမ်းအတွက် တန်းဖိုးဝင် ပစ္စည်းတစ်ခုဖြစ်လာပါပြီ။ နေ့စဉ် စားသောက်နေကြတဲ့ သီးနှံတွေမှာ အပင်ပေါက်က နေစပြီး အသီးရင့်မှည့်ချိန်ထိ ဆေးဖျန်း၊ဆေးစိမ် ပြီး ရောင်းချနေကြ စားသောက်နေကြတာဟာ တကယ်တော့ ဓာတုတွေကို စားသောက်နေတာပါပဲ။

စိတ်ဝင်စားစရာကောင်းတဲ့ ဒီဆိုင်းဘုတ်လေး ရဲ့ လမ်းအတိုင်းလိုက်သွားတော့ ဧက လေးဆယ်ကျော် အကျယ်ရှိပြီး သီးနှံမျိုးစုံကို ခူးတဲ့ သူခူး ၊စိုက်တဲ့ သူစိုက်  နဲ့ မနက်ခင်းနေရောင်အောင်မှာ အလုပ်ရှုပ်နေတာကိုတွေ့လိုက်ရပါတယ်။

ဧက၄၀လောက်ကျယ်ဝန်းတဲ့ စိုက်ပျိုးမြေထဲမှာ ဆူးပုတ်၊ ငရုပ်သီးစိမ်း၊ ဟင်းနုနယ်၊ ရွှေဖရုံ၊ဆလတ်နဲ့ဟင်းသီး၊ ဟင်းရွက်အသီးအနှံမျိုးစုံကို သုံးပေလောက်ဘောင်တွေလုပ်ပြီး အစီအရီအမျိုးအစားလိုက်ခွဲပြီး စနစ်တကျ စိုက်ပျိုးထားတာကိုမြင်တွေ့ရပါတယ်။ တစ်ချို့စိုက်ခင်းဘောင်တွေကိုသီးနှံတွေကို ဖျက်ဆီးမယ့်ပိုးကောင်တွေမ၀င်နိုင်အောင်စိုက်ဘောင်နဲ့ တိုင်းပြီးလုပ်ထားတဲ့ဝါးခြမ်းလေးကွက်ကျားအုပ်ဆောင်းကိုဇကာအစိတ်ပိတ်စအပါးလေးအုပ်ပြီးကာကွယ်ထားတာတွေ့ရပါတယ်။

ဒီစိုက်ခင်းထဲမှာ  Organic ဟင်းသီးဟင်း ရွက်အသီးအနှံတွေကို စိုက်ပျိုးလာတာ သုံးနှစ်လောက်ရှိပြီလို့  စိမ်းလန်းအဖွဲ့တာင်သူများ   ကဖွဲ့ဝင် ကိုသန်းစိုးကပြောပါတယ်။

ဓာတုပစ္စည်းတွေကို အသုံးမပြုဘဲစိုက်ပျိုးထားတဲ့ဓာတုကင်းလွတ်တဲ့ Organic ဟင်းသီးဟင်းရွက်အသီးအနှံတွေက ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးစတဲ့ ဓာတုပစ္စည်းတွေကို အသုံးပြုပြီးစိုက်ပျိုးထားတဲ့ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ ထက်အရွယ် အစားသေးငယ်ပြီး ခူးဆွတ်ချိန်ကလည်း ၇ရက်ကနေ၁၀လောက်အထိပိုစောင့်ရပါတယ်။ ဒါပေမယ့် လိုအပ်တဲ့ ပိုးသတ်ဆေးသဘာဝမြေသြဇာတွေကိုဖော်စပ်နိုင်ဖို့ ပါဝင်ပစ္စည်းတွေကိုလို အပ်သလိုဝယ်ယူနေရတာဖြစ်လို့ ကုန်ကျစရိတ်ကတော့ပိုကုန်ကျတယ် လို့တောင်သူကိုသန်းစိုးကရှင်းပြပါတယ်။

ကိုသန်းစိုးက” Orgnaic စိုက်တာနဲ့ရိုးရိုးစိုက်တာ ဘာကွာလည်းဆိုတော့ ကုန်ကျစရိတ်မှာ ဒီဟာကပိုကုန်တယ်။ ဓာတုဗေဒက ကုန်ကျစရိတ် သက်သာတယ် အသီးလှတယ် အလုပ်လုပ်ရတာ ပိုပြီးမြန်ဆန်တယ်။ Organic ကအချိန်ပေးရတယ်။ ပိုက်ဆံလည်းပိုပြီးသုံးရတယ်။ အဲ့လိုကွာခြားမှုရှိပါတယ်။ ပိုကုန်ကျတယ်ဆိုတာက ပိုးသတ်ဆေးတို့ ၊ ဓာတ်မြေသြဇာတို့က တစ်အိတ်ကို နှစ်သောင်းလောက်နဲ့ရတယ်။ Orgnaic ကကျတော့ကိုယ်တိုင်လုပ်ရတာဆိုတော့ လိုအပ်တဲ့ ပစ္စည်းတွေကို နည်းနည်းချင်းစီ လိုအပ်သလို ၀ယ်ရတာ ပိုကုန်တယ်လို့ ရှင်းပြပါတယ်။

ကျွန်တော်တို့နေ့စဉ် နေ့တိုင်း စားသုံးနေတဲ့အစားအသောက်အများစုမှာဓာတုဆေးဝါးတွေပါဝင်နေတယ် ဆိုတာ ငြင်းလို့မရပါဘူး။ ပိုးသတ်ဆေးဓာတုဓာတ်မြေသြဇာတွေအလွန်အကျွံသုံးထားတဲ့အသီးအနှံတွေကိုနေ့စဉ်စားသုံးနေတဲ့အတွက်အဲ့ဒီအသီးအနှံတွေမှာကျန်ရှိနေခဲ့တဲ့ဓာတုဓာတ်ကြွင်းတွေကြောင့်ဒီနေ့ကမ္ဘာမှာကင်ဆာရောဂါအပါအ၀င်ဓာတုအဆိပ်သင့်မှုတွေနေ့စဉ်တိုးပွားလာထောက်ပြကြပါတယ်။ကမ္ဘာကင်ဆာဖြစ်ပွားမှုနှုန်းအမြင့်ဆုံး၁၀နိုင်ငံမှာ တောင် မြန်မာနိုင်ငံပါဝင်နေပါတယ်။

ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ဟင်းသီး ဟင်းရွက်တွေကို ပိုးပေါက်ကင်းစင်ဖို့၊ အရွယ်အစားကြီးထွားစေဖို့အတွက် ဓာတုဗေဒ ရွက်ဖျန်းဆေး၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာတွေကို အသုံးပြုပြီး စိုက်ပျိုးနေကြပါတယ်။

တစ်ချို့တောင်သူတွေက ညနေခင်းမှာ ပိုးသတ်ဆေးဖျန်းထားတဲ့ ဟင်းသီးဟင်းရွက်တွေကို တစ်ညအိပ်သာထားပြီး မနက်ခင်းဈေးထဲမှာ ခူးဆွတ် ရောင်းချနေတာတွေကြောင့် အစာအဆိပ်သင့်မှုတွေ ကင်ဆာဖြစ်ပွားမှုတွေ တိုးပွားလာတာပါ။ ဒါတွေကိုလျော့ချဖို့ဆိုရင်ပိုးသတ်ဆေးဓာတ်မြေသြဇာတွေကိုအသုံးမပြုပဲစိုက်ပျိုးထားတဲ့ Organic အသီးအနှံတွေနဲ့သဘာဝဓာတ်မြေသြဇာကိုသာအသုံးပြုစိုက်ပျိုးထားတဲ့ Chemical Free အသီးအနှံတွေကို  တိုးချဲ့စိုက်ပျိုးနိုင်မှသာလျော့ချနိုင်မှာဖြစ်တယ်လို့စိုက်ပျိုးရေးပညာရှင်တွေကဆိုကြပါတယ်။

Organic နည်းပညာ အဖွဲ့ကို ၂၀၀၆ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပေမဲ့ မြေသြဇာထုတ်လုပ်တဲ့ ကုမ္ပဏီတွေကိုဘဲ သဘာဝ သြဂဲနစ်မြေသြဇာထုတ်လုပ်နည်းတွေကို သင်တန်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

၂၀၁၀ခုနှစ်ကနေ ယခု ၂၀၁၆ ခုနှစ်အထိ  Organic သဘာဝစိုက်ပျိုးနည်းကို စိတ်ဝင်စားတဲ့ ပြည်တွင်း ဒေသစုံက တောင်သူ လုပ်ငန်းရှင်တွေကို သင်တန်းပေါင်း ၁၀၀ ကျော်နဲ့ သင်တန်းသား ၁ထောင်ကျော်ကို နည်းပညာတွေ ပေးနိုင်ခဲ့ပေမဲ့ လက်တွေ့စိုက်ပျိုးတဲ့အခါမှာ ကုန်ကျစားရိတ်များပြားတာနဲ့ ခိုင်မာတဲ့ ဈေးကွက် မရှိသေးတာကြောင့် တောင်သူတွေ စိတ်ဝင်စားမှုနည်းနေသေးတာကို တွေ့နေရသေးတယ်လို့ မြန်မာ Organic စိုက်ပျိုးထုတ်လုပ်သူများ အသင်း၏ ဒုတိယဥက္ကဌ ဒေါ်သန်းသန်းစိန်က ပြောပါတယ်။

 

Chemical Free အသီးအနှံတွေစိုက်ပျိုးရာမှာ အသုံးပြုရတဲ့သဘာဝမြေသြဇာ ဖော်စပ်နည်းကို အော်ဂန်းနစ်တောင်သူကိုကျော်ဇေယျကအခုလိုရှင်းပြပါတယ်။

ကိုကျော်ဇေယျကအော်ဂန်းနစ်မြေဆွေးကအောက်ဆုံးမှာဆိုရင်ကုန်ကြမ်းပေါ့၊စွန့်ပစ်ပစ္စည်းဒီမှာမုန့်ညှင်းတွေခုတ်တယ်အဲ့ဒါတွေကိုအောက်ခံခံပြီးတာနဲ့ထွိုင်အိုး၊ဖွဲနု၊EM တင်လဲရည်အပေါ်ကလောင်းပြီးတော့မြက်ခြောက်နောက်ချေးအဲ့ဒါပြီးမှနောက်ထပ်ကုန်ကြမ်းတစ်ထပ်အဲ့ဒါပြီးမှဖွဲ၊နောက်ချေး၊စပါးခွံ၊အဲ့လိုတစ်လွှာတစ်လွှာနဲ့လုပ်ရင်းကျွန်တော်တို့ဒီမှာငါးပေလောက်ရှိရင်အိတ်နဲ့အုပ်ထားလိုက်ရောအိတ်နဲ့အုပ်ထားတော့အပူချိန်များလာရင်ကြာကြာဆွေးသွားတာပေါ့ဒီထဲမှာရှိတဲ့ကုန်ကြမ်းကဆွေးသွားပြီးဆိုရင်တအားပူလာရင်တော့ပြန်လှပ်ပေးရတာပေါ့။အတွင်းကပိုးတွေသေသွားမှာဆိုလို့ဒီထဲမှာအော်ဂန်းနစ်အတွက်အကျိုးပြုမယ့်ပိုးလေးတွေအဏုဇီဝပိုးပေါ့အဲ့ဒီပိုးလေးတွေကပူလာရင်လည်းသေကုန်တာ။အဲ့ဒါကြောင့်သူတို့ကိုအပူချိန်မများအောင်အပေါ်ကိုလှပ်လှပ်ပေးရတာမွှေပေးရတာပေါ့နော်အဲ့လိုမွှေးပေးပြီးနောက်တစ်လခွဲနှစ်လလောက်မှသုံးလို့ရတာဟုပြောသည်။

Organic နည်းပညာကို သုံးတဲ့အခါမှာ သဘာဝမြေသြဇာထုတ်နိုင်ဖို့ အလုပ်သမာအင်အားနဲ့ မြေသြဇာအတွက် သဘာဝပစ္စည်းတွေ လိုအပ်တာက အဓိက အခက်ခဲဖြစ်ပြီး Organic မြေသြဇာ၊ ပိုးသတ်ဆေးတွေက  ဓာတုဗေဒ ပိုးသတ်ဆေး၊ အားဆေး၊ မြေသြဇာတွေလို ဈေးကွက်ထဲမှာ အလွယ်တကူ ၀ယ်ယူသုံးစွဲနိုင်ခြင်းလည်း မရှိပါဘူး။ 

 

သာမန်ထက် ကုန်ကျမှုပိုများပြီး ထွက်လာတဲ့ စိုက်ပျိုးသီးနှံတွေကို ဈေးကြီးပေးပြီး ၀ယ်ယူမဲ့ ဈေးကွက်နဲ့ စားသုံးသူ နည်းနေသေးတာက သြဂဲနစ် တောင်သူ လုပ်ငန်းရှင်တွေကို ရေရှည်ရပ်တည်ဖို့ ခက်ခဲစေပါတယ်။ ဒီလို အခက်ခဲတွေရှိလို့ သြဂဲနစ်နည်းပညာတွေနဲ့ လယ်ယာသီးနှံတွေကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်တာမျိုး အများကြီးမရှိသေးဘဲ တစ်နိုင်တစ်ပိုင်နည်းနဲ့သာ စိုက်ပျိုးရောင်းချနေပါတယ်။

ဒါ့အပြင် ဈေးကွက်မှာ ဓာတုဆေးဝါးတွေ အသုံးပြုပြီးစိုက် ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ယှဉ်ပြီး ရောင်းချတဲ့နေရာမှာတော့ ဟင်းသီးဟင်းရွက်တွေမှာ ပိုးပေါက်လေးတွေ ပါရှိနေမှုနဲ့အရွယ်အစားသေးငယ်နေမှုကြောင့် အခက်အခဲတြွေကုံတွေ့နေရတယ်လို့အဲ့ဒီစိုက်ခင်းတွေကနေရန်ကုန်မြို့အင်းစိန်းဘာတာဈေးကိုနေ့စဉ်သွားရောက်ရောင်းချနေသူမ၀င်းဌေးကပြောပါတယ်။

မ၀င်းဌေးက Organic က ပိုးပေါက်နဲနဲ ပါတော့ ပိုးပါတယ် ၊ ပါတယ်နဲ့ ကိုင်ကြည့်ပြီး ပြန်ချချ ထားခဲ့တယ်။ အရင် ဓာတုပစ္စည်းသုံး အသီးအနှံတွေကတော့ ဓာတုဆေးသုံးထားတာဆိုတော့ လှတော့ ရောင်းရတာပေါ့။ တစ်ရာဆို လည်းရောင်းရတယ်။ ဘယ်လိုမဆို ရောင်းရတယ်။ အခုကျ တစ်ရာဆို ၀ယ်သူမရှိဘူး။ ၀ယ်သူတွေကို ပြောပြတာပေါ့ ဒါကအော်ဂန်းနစ်မို့ ဆေးမသုံးတော့ ပိုးပါတယ်ပေါ့။တစ်ချို့သိတဲ့သူကတော့ ၀ယ်ပါတယ်။ မသိတဲ့သူကတော့ ကိုင်ကိုင်ချခဲ့တာ ပိုးပါတယ်ဆိုပြီး။ တစ်ချို့ကျတော့လည်း ဒါစားရင် ဘေးမဖြစ် ဘူး။ ဆေးအနံ့ နံရင် နောက်ရက်ပြန်ပြော ပိုက်ဆံပြန်ပေးမယ် အဲ့လိုပြောရောင်းရတယ်။ သူများအလှတစ်ရာရရင် ကိုယ်က တစ်ရာ လည်းမရဘူး။ သုံးစီး နှစ်ရာပေးခဲ့ရတယ်။ တစ်ခါတလေ ခြံထဲဈေး တစ်စီး ၅၀ နဲ့ ပေးခဲ့ရတယ်။ တွက်ခြေကတော့ မကိုက်ဘူး ကားကလည်းဒီကနေ အဆင့်ဆင့်သွားရတော့ ဈေးကြီးတယ်။ ပြန်လာတော့လည်း ကားနဲ့ဆိုင်ကယ်နဲ့ သုံးဆင့်လောက် စီးရမှရောက်တယ်။ မနက်ထွက် ရောင်းရတာက နှစ်နာရီထိုးကို ထရတယ် ပြန်လာတော့လည်း ကားစီးတာနဲ့ ကုန်ဆင်းကောက်တာနဲ့ နှစ်နာရီ လောက်မှ အိမ်ပြန်ရောက်တယ်။ နားချိန်မရှိတာပေါ့။ ပြောရရင် ဈေးသည်ဆိုတော့ ရှုံးတဲ့အခါလည်းရှိတာပေါ့ ခုဏကပြောတဲ့ ပိုးပေါက်ပါတယ် ချချခဲ့တဲ့နေကျ တခါတ လေကျ အဲ့နေ့ကျ ခြံထဲဈေးနဲ့ ရောင်းခဲ့တာ ရှုံးတာပေါ့ဟုပြောသည်။

Organic ရဲ့ အဓိက ပြဿနာမှာ ဟင်းသီးဟင်းရွက်များကို ဖျက်ဆီးနိုင်သည့် ပိုးများဖြစ်ပြီး သဘာဝနည်းအတိုင်း ဖော်စပ်ထားသည့် ပိုးသတ်ဆေးများကို အသုံးပြုပတ်ဖျန်းထားပေးသော်လည်း ဟင်းသီးဟင်းရွက်များပေးတွင် ပိုးပေါက်ကလေးများ ပါနေတာကြောင့် စားသုံးမှုနည်းပါးနေတယ်လို့ တောင်သူတွေက ဆိုကြပါတယ်။ လက်ရှိ ကိုယ်တိုင်ဖော်စပ် အသုံးပြုနေတဲ့ ပိုးသတ်ဆေးဖော်စပ်နည်းကို တောင်သူ ကိုသန်းဆိုးကအခုလို ရှင်းပြပါတယ်။

ကိုသန်းစိုးက” Orgnaic မှာအဓိကကတော့ ပိုးပဲပေါ့နော်။ စားသုံးသူက ဒါကပိုးကိုက်တယ်ဆိုပြီး သိပ်မစား ချင်ဘူးပေါ့နော်။ အမှန်တကယ်တော့ လူကိုဆိုးကျိုးဖြစ်မယ့် ဆေးဝါးဘာတစ်ခုမှ မပါဘူး။ ဒါကိုအာမခံနိုင်တယ်။ ဘာတွေဖြန်း လဲဆိုတော့ ဂျပန်နိုင်ငံက ပေးတဲ့ အီးယူ၊ အီးယူဆိုတဲ့ အရည်ရယ်၊ ဂျင်းရယ်၊ သွန်ဖြူရယ် ငရုတ်သီးရယ် ဆင်တုံးမနွယ်ရယ် ထောင်း ရေစိမ်ပြီးတော့ ဖျန်းရပါတယ်။စားသုံးသူတွေကို ပြောချင်တာကတော့ Orgnaic စစ်စစ်ကိုစားမယ် ဆိုပိုးပေါက်နည်းနည်း ပါနိုင်တယ်။ ကုန်သည်လှချင်မှ လှမယ်။ အဲ့လိုပြဿနာတွေ တော့ရှိတယ်။ စားသုံးသူ တွေကိုသိစေချင်တယ်။ဟုပြောသည်။

Organic တောင်သူတွေအနေနဲ့အဖျက်ပိုးတွေရဲ့ ရန်ကိုကာကွယ်နိုင်ဖို့ဆိုရင်နံပါတ်()အချက်အနေနဲ့ကိုယ့်ရဲ့စိုက်ခင်းထဲမှာသဘာဝတရားကပေးထားတဲ့အချင်းချင်းပြန်လည်နှိမ်နင်းနိုင်မယ့်ပိုးတွေမိတ်ဆွေဖြစ်တဲ့အတွက်မိတ်ဆွေပိုးတွေခိုအောင်းနေနိုင်မယ့်သဘာဝပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးသင့်ပါတယ်။

နံပါတ် () အချက်အနေနဲ့ကိုယ့်ရဲ့သီးနှံနဲ့စိုက်ခင်းထဲမှာသီးနှံတစ်မျိုးထဲကိုတစ်ကွင်းတစ်ဆက်ထဲတစ်ချိန်ထဲ၊ တစ်နေရာထဲမှာတစ်ပြိုင်ထဲမစိုက်သင့်ပါဘူး။ အဲ့ဒီလိုစိုက်လိုက်ခြင်းအားဖြင့်သီးနှံဖျက်ပိုးတွေကိုဖိတ်ခေါ်သလိုဖြစ်တတ်ပါတယ်။သူတို့အတွက်အစာရေစာပေါများပြီးစိုက်ခင်းထဲမှာဥတွေဥပြီးတော့ပေါက်ဖွားရှင်သန်လာစေနိုင်ပါတယ်။ သီးနှံတစ်မျိုးထဲကိုစိုက်ရတဲ့ အခြေအနေနဲ့ကြုံရင်လည်းအချိန်တစ်ခုထဲမဟုတ်ဘဲ နဲ့သူ့ရဲ့ကြီးထွားမှုအဆင့်ဆင့်အလိုက်ပိုင်းခြားပြီးတော့စီမံသင့်ပါတယ်။ အဲဒီလိုစီမံခြင်းအားဖြင့်ဖျက်တဲ့ပျက်ပိုးရဲ့အရေအတွက်ကိုလျှော့ချနိုင်အောင်စီမံထားသင့်ပါတယ်။

နောက်တတိယအချက်အနေနဲ့ကတော့ကိုယ့်ရဲ့သီးနှံကိုအမြဲဂရုစိုက်နေတဲ့လူတစ်ယောက်ကဖျက်ပိုးစပြီးဖြစ်တယ်ဆိုတာနဲ့လက်နဲ့ကောက်ယူပြီးပစ်လိုက်တာမျိုးနဲ့စိုက်ခင်းသန့်ရှင်းရေးပိုးမွှားတွေခိုအောင်းနေနိုင်မယ့်ပင်ကြွင်းပင်ကျန်တွေကိုဖယ်ရှားပစ်တဲ့ အလေ့ အကျင့်များကို လုပ်ပေးခြင်းအားဖြင့်ဖျက်ပိုးရဲ့ဖျက်စီးမှုကိုလျော့ကျသွားနိုင်တယ်လို့စိုက်ပျိုးရေးပညာရှင်ဒေါက်တာသန်းသန်းစိန်ကပြောပါတယ်။

ယင်းအပြင်Floating Row Cover ဟုခေါ်သည့်သီးနှံဘောင်၏ပမာဏအတိုင်းထမင်းအုပ်ဆောင်းပုံစံ အရှည်လေးနှင့် အင်းဆက်တွေပိုးမွှားတွေမ၀င်နိုင်သည့် အစများဖြင့် ဖုန်းအုပ်ကာကွယ်နိုင်ပြီး ယင်းအုပ်ဆောင်းတွေကလေကိုဝင်ခွင့်ပြုပြီးပိုးမွှားများကိုဝင်ခွင့်မပေးသည့် ကုန်ကျစရိတ်သက်သာသောပိုးကာကွယ်နည်းဖြစ်တယ်လို့ဒေါက်တာသန်းသန်းစိန်ရှင်းပြပါတယ်။

ဒီလိုမျိုးပိုက်ကလေးတွေအုပ်ထားတဲ့အုပ်ဆောင်းလေးတွေ၊တောင်သူအနေနဲ့ဈေးလည်းမကြီးဘူးဝါးဖရိန်လေးတွေနဲ့ကိုယ့်ဘာသာကိုလုပ်လို့ရတယ်။လုပ်လို့ရတယ်ဆိုတော့ကိုယ့်သီးနှံလေးကနုနယ်ပြီးတော့ဖျက်ပိုးကျမယ်လို့ထင်ရတယ်တွေ့ရှိတယ်ဆိုတာနဲ့အဲဒါလေးနဲ့အုပ်ထားလိုက်ရင်သူကလေလည်းဝင်ပြီးတော့သဘာဝအတိုင်းလည်းဖြစ်တဲ့အတွက်သီးနှံဖျက်ပိုးမကျဘဲနဲ့လွတ်လွတ်လပ်လပ်စီမံထားလို့ရတယ်ပေါ့။ဟုပြောသည်။

အော်ဂန်းနစ်သီးနှံတွေကို တောင်သူတွေအနေနဲ့ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြသလို ဈေးကွက်ကျယ်ပြန့်လာဖို့ အတွက် တောင်သူတွေ စုဖွဲ့ပြီး ရောင်းချနေကြတာတွေလည်း ရှိလာပါပြီ။ အခုတောင်သူတွေစုပေါင်းပြီး ဖွဲ့စည်းထားတဲ့  Save Food from Save Farm အော်ဂန်းနစ်ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့လေးကတော့ သူတို့ စိုက်ခင်းတွေက ထွက်ရှိတဲ့ အော်ဂန်းနစ်သီးနတွကို ကန်တော်ကြီးပန်းဥယျာဉ်ထဲက မြေပဒေသာဥယျာဉ် ထဲမှာ အပတ်စဉ် စနေ့နေ့တိုင်း ရောင်းချပေးခဲ့တာ တစ်နှစ်ပြည့်ခဲ့ပါပြီ။ လက်ရှိသူတို့ရဲ့ ဈေးကွက်အခြေအနေကို ဈေးကွက် တိုးတက်ရေးအဖွဲ့ခေါင်းဆောင် မသီတာထွန်းက အခုလိုပြောပြပါတယ်။

မသီတာထွန်းကပြောရမယ်ဆိုရင်တော့ အဓိက ဈေးကွက်ပေါ့ ဈေးကွက်ကို မဖော်ဆောင်နိုင်ဘူး။ အဲ့ဒီအတွက် အစ်မတို့က ဈေး ကွက်လေးတစ်ခု ပေါ်ထွန်းအောင်လို့ စနေ့နေတိုင်း မြေပဒေသာကျွန်း စိုက်ပျိုးရေးရုံးရှေ့မှာ ယာယီပေါ့ Farmer Market ပုံလေးနဲ့ အဲ့နေ့မှာ တောင်သူတွေက အကုန်လုံးလာတက်ပြီးတော့ ရောင်းပြီးတော့ စခဲ့တာ ဒီမတ်မှာဆို တစ်နှစ်တိတိပြည့်ပြီ အပတ်စဉ်ပေါ့ တစ်ပတ်မှာတစ်ရက်ပဲပေါ့။ စိုက်ပေးတဲ့သူတွေရှိတယ်။ တစ်ပတ်မှာ ဒီတစ်ရက်တည်းဆိုတဲ့ Market ကို သွားရတဲ့အခါမှာ အဆင်ပြေဘူး။ တစ်ပတ်မှာ တစ်ရက်တည်းပေါ့ ကျန်တဲ့ ၆ ရက်လုံးက သာမန်ဈေးကွက်ထဲကို သွားနေရတယ်။ ဒီအသီးအနှံတွေဆိုရင် ညောင်တုန်းကနေ မှာတယ် သူတို့ဆို အရင်တုန်းက အပတ်စဉ်လာတက်ရောင်းသေးတယ်  ဒါပေမယ့် ခုဏကလိုပေါ့ ဈေးကွက်ရဲ့ဝယ်လိုအားက ဒီ လောက်ကြီးမရှိပဲနဲ့ တစ်ပတ်မှတစ်ရက်တည်းဖြစ်တဲ့အခါမှာ သူတို့ကားတွေနဲ့ တက်လာရတယ် အဆင်မပြေ တော့ဘူး ကုန်ကျစာရိတ်တွေအရမ်းများတဲ့အခါ သူတို့နောက်အပတ်တွေ နောက်အပတ်တွေမှာ လာမရောင်းနိုင် တော့ဘူး အဲ့တော့ အစ်မကဘာလုပ်လည်းဆိုတော့ သူတို့က ကားနဲ့တင်ပေးလိုက်တယ် သူတို့မနေ့ကပို့တယ် ဆိုရင် အစ်မက ဒီနေ့မနက်မှာ ဈေးကွက်မှာ ရောင်းပေးတာပေါ့။ နောက်ပိုင်းတော့ နေ့တိုင်း market ရလာရင်တော့ သူတို့လည်းပိုပြီးတော့ အားရှိလာမှာပေါ့နော် စိုက်တဲ့သူတွေအနေနဲ့လို့ သူတို့ ကြုံနေရတဲ့ ဈေးကွက်အခြေအနေကိုရှင်းပြပါတယ်။

တောင်သူတွေအနေနဲ့ ဈေးကွက်ပေါ်မူတည်ပြီး စိုက်ပျိုးနေရတာဖြစ်တဲ့အတွက် သူတို့စိုက်ပျိုးတဲ့ အော်ဂဲနစ်သီးနှံတွေကို သီးသန့်ရောင်းချနိုင်မယ့် ဈေးကွက်မရှိတဲ့အတွက် အခက်အခဲတွေ ရှိနေပြီး သူတို့စိုက်သလောက် ရောင်းချနိုင်မယ့် ဈေးကွက်မရှရင်တော့ Organic စိုက်ပျိုးမှုကို လျော့ချသွားမယ်လို့ Save Food from Save Farm  အော်ဂင်းနစ် ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင် တောင်သူ ဦးဝင်းနိုင်က ပြောပါတယ်။

ဦးဝင်းနိုင်ကဈေးကွက်ပေါ်တင်ရောင်းတဲ့အခါကျတော့ ဘာပြဿနာရှိလည်းဆိုတော့ ထုတ်လုပ်တဲ့ကုန်ကို ကုန်အောင်မ ရောင်းနိုင်ဘူး။ အဲ့ပြဿနာလေးတော့ရှိတယ်။ ရောင်းမကုန်တာတော့ မဟုတ်ဘူး စိုက်တာတော့ အများကြီးစိုက် တာပေါ့ ဥပမာ ကျွန်တော်တို့ ဧကလိုက်ချီစိုက်မယ်ဆို ဧကလိုက်ကို ဖြုန်းနိုင်မယ့် ဈေးကွက်မရှိသေးဘူး။ ဈေး ကွက်ပေါ်မူတည်ပြီး လျော့စိုက်သွားဖို့တော့ရှိတယ်။ ကျွန်တော်စိုက်တာတော့နှစ်နှစ်လောက်ရှိပြီ ကျွန်တော်တို့ မြေပဒေသာကျွန်းက စနေဈေးကိုပဲ သွားသွားပြီးတော့ ရောင်းတယ်ပေါ့။ စနေတစ်ရက်တည်းရောင်းလို့ကတော့ ကျွန်တော်တို့ ပစ္စည်းတွေက မကုန်နိုင်ဘူး။ အဓိက ဈေးကွက်ကို မူတည်ပြီးတော့ တိုးစိုက်ရရင်စိုက်ရမယ် လျော့စိုက်ရရင် စိုက်ရမပေါ့။ ဘယ်လိုပြောရမလဲ စနေဈေးကွက် တစ်ခုတည်းကို မူတည်ပြီးတော့ စိုက်လို့ မရတော့ဘး။ ဘကြောင့်လည်းဆိုတော့ ဒီအော်ဂင်းနစ်သီးနှံကို ရောင်းချဖို့ဆိုတာ ကျွန်တော်တို့ ဈေးတိုင်း ဈေးတိုင်းမှာ ဈေးကွက်ရလာမယ်ဆိုရင်တော့ ကျွန်တော်တို့ စိုက်ပျိုးတဲ့ တောင်သူတွေက တိုးပြီးစိုက်ရမှာပေါ့။ဟုပြောသည်။

ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အော်ဂဲလ်နစ်သီးနှံတွေကို စိုက်ပျိးလာတာ သုံးနှစ်ကျော်ရှိခဲ့ပါပြီး ဒါ ပေမယ့် သူတို့ရဲ့ ဘ၀ရပ်တည်ရေးအတွက် ဈေးကွက်စိန်ခေါ်မှုကတော့ ရှိနေဆဲပါ။ အော်ဂဲလ်နစ်သီးနှံတွေကို လူတိုင်းစားသုံးနိုင်ဖို့ တိုးချဲ့စိုက်ပျိုးဖို့ဆိုရင် သူတို့အတွက် အာမခံချက်ရှိတဲ့ ဈေးကွက်တစ်ခု ပေါ်ပေါက်လာဖို့လိုပါတယ်။

နေလည်းမြင့်ပြီ ဒီခြံထဲက တောင်သူတွေ ရှင်းပြလို့ သြဂဲနစ်နဲ့ ပတ်သက်ပြီးတော့လည်း အတော်များများသိခဲ့ပြီမို့ ဒီစိုက်ခင်းက ပြန်ထွက်ခဲ့ပါတယ်။

သဘာဝမြေသြဇာကို ပဲအသုံးပြုတဲ့ သြဂဲနစ် သီးနှံတွေ ဈေးကွက်မှာနေရာရဖို့  ကြုံရတဲ့ အခက်အခဲတွေ စိန်ခေါ်ချက်တွေ ရှိပေမယ့် သြဂဲနစ် စိုက်ပျိုးသူများကတော့ ဒီစိန်ခေါ်ချက်တွေကို ရင်ဆိုင်ရင်း သြဂဲနစ် ခေတ်တစ်ခုကိုရောက်အောင် တစ်လှမ်းချင်းဆက်လျှောက်နေကြဆဲပါပဲ။

Leave a comment